လူလိမ် တစ်ယောက်ဖြစ်တဲ့ နခ်ကီ ( Nicky ) က တညမှာ ကလပ်သွားရင်းနဲ့ အတွေ့အကြုံနုသေးတဲ့ ဂျက်စ် ( Jess ) ရဲ့ ဖျားယောင်းခြင်းကို ခံရပါတယ်။ ဂျက်စ် ရဲ့ အကြံက နခ်ကီနဲ့ အဆင်ပြေနေတုန်း သဝန်တိုတတ်တဲ့ ဂျက်စ် ရဲ့ ယောကျာ်းရောက်လာ ၊ နခ်ကီ ကိုငွေညှစ် ဖို့ဖြစ်ပေမယ့် နခ်ကီက သူတို့အကြံကို ဦးစွာဖော်ထုတ်လိုက်နိုင်ပြီး ဂျက်စ်ကို သူတို့အလုပ်က အာရုံမထွေပြားဖို့အရေးကြီးကြောင်း သင်ပေးခဲ့ပါတယ်။ နောက်ရက်မှာတော့ ဂျက်စ်က နခ်ကီရှိတဲ့နေရာကို တွေ့အောင်ရှာပြီး သူ့ဆီမှာ တပည့်ခံလိုကြောင်း ပြောပါတယ်။
နခ်ကီက ဂျက်စ်ကို နယူးအော်ရီလန်မြို့ ( New Orleans) ကိုခေါ်သွားပြီး နခ်ကီတို့ အဖွဲ့လိုက်လှုပ်ရှားတဲ့ ခါးပိုက်နှိုက်ခြင်း ၊ လိမ်ခြင်းစတဲ့ အမှုသေးသေးလေးတွေမှာ ပါဝင်စေခဲ့ပါတယ်။ သူမရဲ့ အရည်အချင်းကို ပြသနိုင်ခဲ့တဲ့အတွက် ဂျက်စ်က နခ်ကီရဲ့ အဖွဲ့သားဖြစ်လာခဲ့ပြီး သူတို့ နှစ်ယောက်ကြားမှာလည်း အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ် ။ လူလိမ်အချင်းချင်း ဘယ်တော့မှ သံယောဇဉ်မထားမိဖို့ သူ့အဖေရဲ့ ဆုံးမခဲ့တဲ့စကားကြောင့် နခ်ကီက သူနဲ့ ဂျက်စ်ရဲ့ အချစ်ရေးကို အမြဲစိတ်အနှောင့်အယှက်ဖြစ်မိပါတယ်။
တစ်ရက်မှာတော့ ဘောလုံးပွဲကြီးတစ်ခုမှာ နခ်ကီ နဲ့ ဂျက်စ်တို့ နှစ်ယောက်ပေါင်းပြီး လောင်းကစားသမား လီယူဝမ် ( Liyuan ) ကို ချွတ်ခြုံကျတဲ့အထိ လိမ်ခဲ့နိုင်ပါတယ် ။ ဘောလုံးပွဲကအပြန်မှာ နခ်ကီက ဂျက်စ်ရဲ့ ဝေစုကိုခွဲပေးရင်း သူမကိုလမ်းခွဲခဲ့တဲ့အတွက် ဂျက်စ်အသည်းတွေကွဲခဲ့ရပါတယ်။
နောက် သုံးနှစ်ကြာပြီးတဲ့နောက် နခ်ကီက အာဂျင်တီးနားမြို့တော် ဘွန်နိုစ်အိုင်းရရိစ် ( Buenos Aires) မှာ ပြိုင်ကားမောင်းတဲ့အသင်းပိုင်ရှင် သန်းကြွယ်သူဌေး ဂါရီဂါ (Garriga) ဆီက အလုပ်လက်ခံထားတဲ့အချိန်ဖြစ်ပါတယ်။ ဂါရီဂါက သူ့အသင်း ချန်ပီယံဖြစ်ဖို့အတွက် မက်ခ်အီဝင် ( McEwen) အသင်းကို အနိုင်ရချင်နေသူဖြစ်ပါတယ်။ နခ်ကီရဲ့ အလုပ်ကတော့ ဂါရီဂါအသင်းမှာ စက်ပြင်ဆရာအဖြစ်ဟန်ဆောင်ပြီး ဂါရီဂါကို မကျေနပ်တဲ့အတွက် မက်ခ်အီဝင်အသင်းကို ကူညီဟန်ဆောင်ကာ မက်ခ်အီဝင်အသင်းထံ အရည်အသွေးညံ့တဲ့ ကားပစ္စည်းအတုများကို ရောင်းနိုင်ဖို့ဖြစ်ပါတယ်။ ပြိုင်ပွဲအကြို ဂုဏ်ပြုပွဲပါတီမှာတော့ ဂျက်စ်ကို ဂါရီဂါရဲ့ ရည်းစားအဖြစ်နဲ့ ပြန်တွေ့လိုက်ရတဲ့အခါ နခ်ကီ စိတ်မထိန်းနိုင်ဖြစ်ခဲ့ရပါတယ်။
အဲ့ဒီနောက် နခ်ကီက ဂျက်စ်ကို ပြန်သိမ်းသွင်းဖို့ကြိုးစားရင်း သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကလည်း ပြန်အဆင်ပြေလာခဲ့ပေမယ့် ဂါရီဂါရဲ့ လုံခြုံရေးအရာရှိက သူတို့အပေါ်သံသယဝင်လာတဲ့အခါ ….
အခုရေးပြခဲ့တဲ့ဇာတ်လမ်းအကျဉ်းက ဇာတ်လမ်းရဲ့ သုံးပုံနှစ်ပုံပဲ ရှိပါသေးတယ်။ အမှောင်လောကမှာ ကျင်လည်တဲ့ နခ်ကီနဲ့ ဂျက်စ်တို့ ဇာတ်သိမ်းမှာ ဘာတွေထပ်ကြုံရမလဲ ဆိုတာ သိချင်ရင်
ဒီဇာတ်ကားမှာ နခ်ကီအဖြစ် အားလုံးသိပြီးဖြစ်တဲ့ လူမည်းမင်းသား ဝီလ်စမစ် ( WIll Smith ) နဲ့ ဂျက်စ်အဖြစ် The Wolf of Wall Street ဇာတ်ကားမှာ နာအိုမီ အဖြစ် နံမည်ရခဲ့တဲ့ အသက် ၂၅ သာရှိသေးတဲ့ သြစတေးလျမင်းသမီးချော မားဂေါ့ရော်ဘီ ( Margot Robbie) က ပါဝင်သရုပ်ဆောင်ထားပါတယ်။
အသက် ၁၈ နှစ်အောက်မကြည့်ရသတ်မှတ်ထားတဲ့ Rating R အဆင့်ရှိတဲ့ ဒီဇာတ်ကားက IMDB rating မှာတော့ 6.8 ရရှိထားပါတယ်။ ဝီလ်စမစ်ရဲ့ ဟာသနှောတဲ့ သရုပ်ဆောင်ဟန်ကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ ဒီဇာတ်လမ်းက ကြည့်ပျော်တဲ့ သာမန်ဇာတ်လမ်းတစ်ပုဒ်လို့ ထင်မြင်မိပါတယ်။ ထူးခြားတာကတော့ အက်မင် ဒီ review ကိုရေးနေချိန် မိနစ်ပိုင်းအတွင်းမှာပဲ ကြည့်ရှုသူပေါင်း တစ်သောင်းခွဲကျော်မှပေးတဲ့ IMBD rating က 6.9 ဖြစ်သွားခဲ့ပါတယ်ဆိုတာလဲ တဆက်ထဲပြောခဲ့ပါရစေ ။
ရုပ်ရှင်အညွှန်း – Ciao! (Movie Guide)